Thursday 30 June 2011

ရမဿွာန်လမြတ်မှာ ပျော်ရွှင်နိုင်ကြပါစေ။


ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည်မှာ

အို- “မုအ်မင်န်” ယုံကြည်ခြင်းသဒ္ဓါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အသျှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ် သီတင်းဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။

(အသင်တို့ ဆွိယာမ် ဥပုသ်သီတင်းဆောက်တည်ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ်မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သောသူသည် ဝေဒနာစွဲကပ်၍ မကျန်းမာသော ကြောင့်ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေသောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလမဆောက်တည်နိုင်ဘဲ ပျက်ကွက် ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြားသောနေ့ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိပေသည်။ တဖန် အကြင်သူတို့သည် ခဲယဉ်းစွာ သီလဆောက်တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သောနေ့ရက်များ) အစား (တရက်လျှင်) သူဆင်းရဲတဦးကို (ထမင်း တရက်စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ်စေတနာ အလျောက် တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဘို့အရာ ပို၍ ပင် ကောင်းမြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ)သော်ငြားလည်း အကယ်စင်စစ် အသင်တို့သည် (ဥပုသ်သီလဆောက်တည် ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနားလည်သူများဖြစ်ကြပါလျှင် အသင်တို့အဘို့အရာ ဥပုသ်သီလ ဆောက်တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သော အမှု)ပင် ဖြစ်ပေသတည်း။

( “ဆွိယာမ်” ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်) ရမ်ဿွန်လမြတ်ပင် ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အသျှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) လူသားခပ်သိမ်းတို့အဘို့ တရားဓမ္မအဖြစ်လည်းကောင်း၊ တရားလမ်းမှန် ရစေ သော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ သို့ဖြစ်လေရာ အသင်တို့အနက်မှ မည်သူမဆို ထို(ရမ်ဿွာန်)လမြတ်နှင့် ကြုံကြိုက် ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လပတ်လုံး) ဥပုသ်သီတင်းဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူ တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာ စွဲကပ်၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက်လျက် ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက်များတွင် (မိမိပျက်ကွက်ခဲ့သော ဥပုသ်ရက်များကို) တွက်စစ်၍ (ဖြည့်စွက်) ဆောက်တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ်အသျှင်မြတ်သည် အသင်တို့အဘို့ သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဘို့ ခက်ခဲမှုကိုကား (အလျင်း) လိုလားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တ၀ (အလ္လာဟ်အသျှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကို ပြည့်စုံအောင်ပြုစေရန် လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်အား ထိုအသျှင်မြတ်ညွှန်ပြတော်မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော် မူကြောင်း ရွတ်ဆိုကြရန် လည်းကောင်း (အလိုဆန္ဒエ ရှိတော်မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအသျှင်မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။

ထို့ပြင်တ၀ (အို-နဗီတမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)) ငါအသျှင်မြတ်၏ကျွန်များသည် ငါအသျှင်မြတ်နှင့် ပတ်သက်၍ အသင့်ထံ မေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ) မုချဧကန် ငါအသျှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ်စွာပင် ရှိတော်မူ၏။ ငါအသျှင်သည် ဆုတောင်းပတ္တနာပြုသူ၏ ဆုတောင်းပတ္တနာပြုချက်ကို သဘောတူ လက်ခံ တော်မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအသျှင်မြတ်၏အမိန့်တော်များကို လက်ခံနာယူ၍ ငါအသျှင်မြတ်ကိုသာ ယုံကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ် မှန်ကန်သောတရားလမ်းကို ရရှိကြသူများဖြစ်တန် ရာ၏။

(အို-မုစ်လင်မ်အပေါင်းတို့၊ အလ္လာဟ်အသျှင်မြတ်သည်) အသင်တို့အဘို့ရာ ဥပုသ်နေ့၏ညဥ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်းကို ခွင့်ပြုတော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့အဘို့ရာ (အရှက်အိနြေ္ဒကို လုံခြုံစွာ ဖုံးကွယ်သော) ၀တ်စားတန်ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည်လည်း ထိုဇနီးမိန်းမများအဘို့ အရာ (အရှက်အိနြေ္ဒကို လုံခြုံစွာဖုံးကွယ်သော) ၀တ်စားတန်ဆာများ(ကဲ့သို့)ပင် ဖြစ်ကြလေသည်။ အသင်တို့သည် (အမိန့် မကျရောက်မီ ညဥ့်များ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်းအားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အသျှင်မြတ်သည် သိရှိပြီးဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအသျှင်မြတ်သည် အသင်တို့ အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သော အပြစ်တို့)ကို ခွင့်လွှတ်တော်မူပြီး (နောင် အဘို့လည်း ဇနီးမိန်းများနှင့် ဥပုသ်နေ့၏ညဥ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူလေပြီ)။သို့အတွက်ကြောင့် ယခုမှစ၍ သင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဘို့ အလ္လာဟ်အသျှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများ ကို ရှာဖွေကြလေကုန်။ ထိုမှတပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဥ့်၏အမှောင်)မှ ချည်မျှင်အဖြူ (တည်းဟူသော) နံနက်မိုးလင်း အာရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့်တိုင်အောင် (အစာ အာဟာရများကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေ၀င်၍ ညဥ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလဆောက်တည်ကြကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေတိကာဖ် သီတင်းသုံး နေထိုင်ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုခြင်းကို အလျင်း မပြုကြကုန်လင့်။သည်တို့သည် အလ္လာဟ်အသျှင်မြတ် သတ်မှတ်ထားတော်မူသော နယ်နိမိတ်များပင်ဖြစ်ရကား အသင်တို့ သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ အလ္လာဟ်အသျှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိအမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှုဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာကုန်သတည်း။ ကျမ်းတော်မြတ်ကုရ်အာန်၊ စူရာဟ်ဗကရာဟ်၊ အာယသ်တော် – ၁၈၃ မှ ၁၈၇ အထိ)
7
Dr.လှလှဝင်းစာမျက်နှာမှဖော်ပြပါသည်။

Sunday 26 June 2011

မလေးရှားနိုင်ငံတွင် တရားဝင်နေခွင့် စတင်တော့မည်

မလေးတွင် တရားဝင်နေခွင့် စတင်တော့မည်
ဟိန်းသူ Friday, 24 June 2011 19:07
E-mail Print
မလေးရှားတွင် တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့် ပြုရေး အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်သည်။

“ကိုယ်ရေး အချက်အလက် ရယူခြင်း၊ လက်ဗွေနှိပ် မှတ်တမ်းတင်ခြင်းတွေကို စပြီး လုပ်ပါတော့မယ်” ဟု မလေးရှား ပြည်ထဲရေး ၀န်ကြီး ဟစ်ဆန်မူဒင် ဟူစိန်က ကြာသပတေးနေ့ထုတ် မလေးရှား သတင်းစာ The Star ကို ပြောသည်။

ဤကြေညာချက်က မလေးရှားတွင် တရားမ၀င် နေထိုင်လျက်ရှိသော သိန်းနှင့်ချီသည့် မြန်မာပြည်သားများ စိတ်ဝင်စားကြသည့် သတင်း ဖြစ်သည်။

စိစစ်ရေးအတွက် ၀န်ဆောင်မှုလုပ်ငန်းများကို မလေးရှားနိုင်ငံရှိ သတ်မှတ် ကုမ္ပဏီများကသာ လုပ်ခွင့်ရမည်ဟု မြန်မာအလုပ်သမား အေးဂျင့် ကုမ္ပဏီ ဖြစ်သော ပုဂံနက်မှ ကိုသန့်ဇင်က ရှင်းပြသည်။

“လာမယ့် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ကျနော်တို့ ကုမ္ပဏီက လက်ဗွေနှိပ်တဲ့သင်တန်း သွားတက်ရမှာပါ။ တရားဝင် ခွင့်ပြုထားတဲ့ အေးဂျင့်တွေမှာပဲ စာရင်းသွင်း၊ လက်ဗွေနှိပ်ရမှာပါ” ဟု ကွာလာလမ်ပူမြို့တော်တွင် နေထိုင်သော ကိုသန့်ဇင်က ပြောသည်။

အလုပ်သမားတဦး အတွက် ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ ထက် ကျော်လွန်၍ မယူရန် မလေးရှားအစိုးရက သတ်မှတ်ပေးထားသည်ဟု သိရသည်။

ဝန်ဆောင်မှု ပေးလိုသော ကုမ္ပဏီများ ထောင်နှင့်ချီ ရှိနေသည့်အတွက် တရားဝင် လုပ်ခွင့်ရမည့် ကုမ္ပဏီများ စာရင်း မကြာမီ ထွက်ပေါ်လာဖွယ် ရှိသည်ဟု မဟာနန်း ကုမ္ပဏီမှ တာဝန်ခံတဦးက ပြောသည်။

“မလေးရှားမှာ အေးဂျင့် လုပ်ချင်တဲ့ ကုမ္ပဏီတွေက များလာတယ်။ ကြိုတင်ငွေတောင်းပြီး လုပ်နေတဲ့ ကုမ္ပဏီတွေက ရှိနေတော့ Black list ပြခံလိုက်ရတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်။ ဒါကြောင့် တရားဝင် စာရင်းထုတ်ပြန်ဖို့ မလေးရှားအစိုးရက စီစဉ်လိုက်တာပါ” ဟု မဟာနန်း ကုမ္ပဏီမှ ကိုမျိုးက ပြောသည်။

စိစစ်ပြီး တရားဝင်နေထိုင်ခွင့် ရမည့် နိုင်ငံခြားသား တဦးသည် အခွန်၊ တရားမ၀င် နေထိုင်ခဲ့မှု အတွက် ဒဏ်ကြေး၊ စသည်တို့ အတွက် ရင်းဂစ် ၈၀၀ ပေးဆောင်ရမည် ဖြစ်ပြီး စာရင်းပေးသွင်းပြီးသော သူများမှာ Yellow Card ဟုခေါ်သော တရားဝင် သွားလာခွင့် ကတ် ရရှိမည်ဟု သိရသည်။

ဘဏ်အာမခံကြေး၊ ဆေးရုံ အာမခံကြေးများ၊ ကျန်းမာရေး ဆေးစစ်ချက်များ အတွက် အခြား ကုန်ကျစရိတ် အနည်းငယ်လည်း ပေးဆောင်ရန် လိုအပ်ကြောင်း သိရသည်။

လအနည်းငယ် အကြာတွင် ပါမစ်ကြေး (Levy ကြေး) ပေးသွင်းပြီးနောက် တရားဝင် နေထိုင်ခွင့် လက်မှတ် ရရှိမည် ဖြစ်သည်ဟု သိရသည်။

ပါမစ်ကြေးများမှာ မတူညီဘဲ လယ်ယာ လုပ်ငန်း အတွက် ရင်းဂစ် ၃၆၀၊ ဥယျာဉ်ခြံ လုပ်ငန်း အတွက် ရင်းဂစ် ၅၄၀၊ စက်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်း အတွက် ရင်းဂစ် ၁၂၀၀၊ စားသောက်ဆိုင်နှင့် ၀န်ဆောင်မှု လုပ်ငန်း အတွက် ရင်းဂစ် ၁၈၀၀ စသည်ဖြင့် သတ်မှတ်ထားသည်ဟု ဆိုသည်။

နိုင်ငံခြားသားများ တရားဝင် နေထိုင်ခွင့်ပြုရေး အတွက် စိစစ်ခြင်း အစီအစဉ် မည်သည့် အချိန်တွင် အဆုံးသတ်မည်ကို မသိရသေးပေ။

၆ လ ကြာမည့် ယခု စီမံကိန်း ကာလပြီးနောက် မလေးရှား နိုင်ငံအတွင်း တရားမ၀င် နေထိုင်သော နိုင်ငံခြားသားများကို ဖမ်းဆီးရမိပါက ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်မည် ဖြစ်ကြောင်း မလေးရှား အစိုးရက ကြေညာထားသည်။

မလေးရှားအစိုးရက ယခုကဲ့သို့ စီစဉ်နေသော်လည်း ငွေကြေး မတတ်နိုင်သည့် မလေးရှားရောက် မြန်မာပြည်သားများ အတွက် အခက်အခဲ ဖြစ်နေဦးမည်ဟု မလေးရှားရှိ မြန်မာ အလုပ်သမားများနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

“တနေ့မှ ၁၈ ရင်းဂစ်ပဲ ရပြီး တလ လုံးမှ ၅၀၀ ၀န်းကျင်ပဲ ရတဲ့ အလုပ်သမားတွေ ရှိနေသေးတယ်။ မြန်မာသံရုံးကလည်း အထောက်အကူ မပေးဘူး။ မလေးရှား အစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် ဘာမှ အကာ အကွယ် မပေးနိုင်ဘူး ဆိုရင် အခုလို တရားဝင်အဖြစ် လုပ်ပေးနေတာတွေဟာ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ နောက်ပိုင်း ပြန်ပြီး တရားမ၀င် ဖြစ်သွားကြဦးမှာပါပဲ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မလေးရှား) မှ ကိုကျော်ထူးအောင်က ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု မလေးရှား အခြေစိုက် Burma Campaign Malaysia (BCM) အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှ တဆင့် ၀င်ရောက်သော မြန်မာပြည်သား အရေအတွက်မှာ နှစ်စဉ် ငါးထောင် ၀န်းကျင် ရှိသည် ဟုလည်း BCM က ဆိုသည်။
ဧရာဝတီသတင်းစာမျက်နှာမှဖော်ပြပါသည်။