Tuesday, 14 September 2010

ကျုပ်တို့ လက်ပိုက်ကြည့် နေကြမလား ?

နိုင်ငံသားကောင်းပီသစွာမြန်မာမွတ်စလင်မ်တိှု့လဲသမိုင်းပေးတာဝန်ကိုအုတ်တချပ်သဲတပွင့်ပါဝင်လက်တွဲကြပါစို

အသိပေးနှိုးဆော်ချက်

ဗမာပြည်ဖွားညီအကိုမောင်နှမများခင်ဗျား.... နအဖအလိုတော်ရိများဟာ ၁၇ စက်တင်ဘာ ၂၀၁၀ ဘာလင်မြို့ မှာ ဝါဒဖြန့်ချီရေး ဆွေးနွေးပွဲတခုကိုကျင်းပပါတော့မယ်။ သူတို့ တွေကတော့(ဦး)ခင်ဇော်ဝင်း နဲ့ (ဦး)နေဝင်းမောင် တို့ ဖြစ်ပါတယ်။သူတို့ တွေဟာ နအဖ ရဲ့ အသံ ကို မီဒီယာ တချို့ ရဲ့ အားကိုးနဲ့ ဝါဒဖြန့် ချီဘို့ ဂျာမဏီ မြေပေါ် ကို ရောက်ရှိလာခဲ့ ကြပြီ။ `၂၀၁၀ ရွေးကောက်ပွဲဟာ ဗမာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် အခွင့်လမ်းတခုဖြစ်တယ် ` ဆိုတဲ့ ခေါင်းစဉ်အပါအဝင် တခြားသော နအဖ လှည့် ကွက်ခေါင်းစဉ်များကို ဆွေးနွေးကြပါလိမ့်မယ်။ ဒါတွေနဲ့ ဂျာမန်အစိုးရဂျာမန်လူထုကိုလှည့် စားပါတော့မယ်။ ဒါကို ကျုပ်တို့ လက်ပိုက်ကြည့် နေကြမလား ? ရွှေဗမာများနဲ့ ဂျာမန်မိတ်ဆွေများ ဘာလင်တွင် စုပေါင်းကန့် ကွက်ကြမည်။
  • အချိန်........ နံနက် ( ၁၀ ) နာရီ မှ ( ၁၂ ) နာရီခွဲ
  • နေ့ ရက် .... ၁၇ ရက် စက်တင်ဘာလ 2010 ( သောကြာနေ့  )
  • နေရာ Friedrich-Ebert Stiftung
  • Hiroshimastr. 17
  • 10785 Berlin
ညီညွတ်ကြပါစို့ !!!!! ဆက်သွယ်ရန်..........
  • ကိုအောင်သူ 02212 053 974 begin_of_the_skype_highlighting              02212 053 974      end_of_the_skype_highlighting
  • ကိုဆန်နီ 01735 347 534 begin_of_the_skype_highlighting              01735 347 534      end_of_the_skype_highlighting
  • ကိုမင်းမင်း 06940 036 073 begin_of_the_skype_highlighting              06940 036 073     

Tuesday, 24 August 2010

ရွေးကောက်ပွဲကြောင့် အစ္စလာမ်ဘာသာရေးနေ့ အခက်အခဲ ဖြစ်နိုင်

       ရန်ကုန်မြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဗလီ ဝတ်ကျောင်းတခု မြင်ကွင်း (ဓာတ်ပုံ - sanooaung.wordpress.com)


စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာလိုက်ရာ အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဗာနီ အစ်ဒ် ခေါ် အသားအစ်ဒ် ပြုလုပ်မည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပခွင့် မရမည်ကို အစ္စလာမ် ဘာသာဝင်များက စိုးရိမ်နေကြသည်။

“အသားအစ်ဒ်က နိုဝင်ဘာ ၇ ရက်နဲ့ ၉ ရက်ကြားမှာဖြစ်နေတယ်။ ၇ ရက်မှာ သွားတိုက်ဆိုင်နေရင်တော့ ကျနော်တို့ကို အစ်ဒ်လုပ်ခွင့် ပေးမယ်မထင်ဘူး” ဟု မြန်မာ - မွတ်ဆလင် အသင်းမှ ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။

 
အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်ကာလသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြီး စက်တင်ဘာ ၉ ရက်တွင် ပြီးဆုံးမည်ဟု အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ဆိုသည်။

ကုရ်ဗာနီ အစ်ဒ်မှာ မုန့်အစ်ပြုလုပ်ပြီး ၂ လခန့်အကြာတွင် ဖြစ်သဖြင့် ရွေးကောက်ပွဲပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက် ၀န်းကျင်တွင် ကျရောက်နေကြောင်း၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလတွင်လည်း အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်အပြီး မုန့်အစ်နှင့် တိုက်ဆိုင်နေသဖြင့် အစိုးရက မုန့်အစ်ကျင်းပခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်များ လမ်းလျှောက်ဆန္ဒပြချိန်တွင် အစ္စလာမ် ဘာသာဝင် တချို့လည်း တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ဘာသာဝင်များအပေါ် ကန့်သတ်ချက်များ ပိုများလာသည်ဟု ရွှေဘုံသာလမ်းရှိ ဗလီဝတ်ကျောင်းတကျောင်းမှ ဗလီဆရာတဦးက ဆိုသည်။

“အစ်ဒ်လုပ်မယ်ဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ အသားအစ်ဒ်ဆိုရင် အိမ်မှာ လုပ်လို့မရဘူး။ သားသတ်ရုံ နေရာသတ်မှတ်ထားတဲ့ သန်လျင်တို့၊ ရွာသာကြီးတို့မှာပဲ သတ်ခွင့်ရှိတယ်။ သတ်ပြီးရင်လည်း လုံလုံခြုံခြုံ ဖုံးအုပ်ပြီးမှ သယ်လာရမယ်။ ပြန်လာတဲ့လူတွေကိုလည်း သွေးတွေဘာတွေ စင်ထားတာမရှိအောင် ဆေးကြောပြီးမှ ပြန်လာရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” ဟု အဆိုပါ ဗလီဆရာက ပြောသည်။

“သာမန်အချိန်မှာတောင် အဲဒီလောက် ကန့်သတ်နေတာ။ ရွေးကောက်ပွဲရက်နဲ့ တိုက်တယ် ဆိုရင်တော့ သူတို့က ပေးလုပ်မယ် မထင်ဘူး” ဟု ဗလီဆရာက ဆိုသည်။

စစ်အစိုးရက မြို့နယ်တချို့တွင် ဗလီဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး အစ္စလာမ် ဘာသာဝင်များ ဘုရား ဝတ်ပြုချိန်တွင် ဗလီဆရာများက အချက်ပေး အော်ဟစ်သည့်အခါ အသံချဲ့စက်များ၊ စပီကာများဖြင့် အော်ဟစ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သိရသည်။

အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံအရ ရာမာဒန်ဥပုသ်ကာလတွင် မိသားစုအားလုံး အင်္ကျီအ၀တ်အစား အသစ်များ ၀တ်ဆင်ရမည် ဖြစ်သော်လည်း အများစုမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ၀ယ်ယူဝတ်ဆင်နိုင်ကြခြင်း မရှိဟုလည်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးက ဆိုသည်။

 
“ရွေးကောက်ပွဲကြောင့် အစ်ဒ်ကျင်းပခွင့် မရဘူးဆိုတာတော့ ကျနော်တို့ လက်မခံပါဘူး။ ဘာသာရေးနဲ့ နိုင်ငံရေးက ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်သလို ဘာသာရေး ကိစ္စတွေကိုလည်း သူ့အချိန်နဲ့သူ လုပ်သွားမှာပါ” ဟု အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်လူမျိုးစုများကို ကိုယ်စားပြု ဖွဲ့စည်းထားသော ကမန် အမျိုးသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

 
ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ပြန်သည့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် ဘာသာရေးဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေသည့် နိုင်ငံအဖြစ် ထိပ်ဆုံးအဆင့်တွင် သတ်မှတ်ခံထားရသည်။


ဆက်လင်း Monday, August 23, 2010  
ဧရာဝတီသတင်းစာမျက်နှာမှကူးယူဖော်ပြသည်။

Wednesday, 11 August 2010

Ramadam Mubarak 2010

M.B.M.A မောင်နှမများအပေါ်သို့အလ္လာအသျှင်မြတ်၏ငြိမ်းချမ်းသာယာမှုအဖြာဖြာမင်္ဂလာအပေါင်း၊ရမ္မဿန်လမြတ်ကိုအကြောင်းခံ၍ပေးသနားတော်မူပါ။ အာမီန်း.....

ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ.......

နေသန်မောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်
အထူးကဏ္ဍ - ၈ လေးလုံး အထူး

လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက လူသိန်းပေါင်းများစွာ လမ်းမတွေပေါ်ထွက်ပြီး
ဆန္ဒဖော်ထုတ်ခဲ့တဲ့ တခုတည်းသော ရည်ရွယ်ချက်က တပါတီအာဏာရှင်စနစ်ကို
ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ်ဆီ ပြောင်းလဲရေးဖြစ်ပါတယ်။ ဒါပေမဲ့
မြန်မာပြည်ဟာ နှစ် ၂ဝ အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို
ကျင်းပနိုင်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ်က ပြည်သူတွေ တောင်းဆိုခဲ့တဲ့
ဒီမိုကရေစီရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ် မပေါ်ထွန်းခဲ့ပါဘူး။

ဒီအတွက် တိုင်းပြည်ကို သံကွန်ခြာအထပ်ထပ် အောက်မှာထားပြီး အုပ်ချုပ်လာတဲ့
စစ်တပ်ကို သမိုင်းရဲ့ တဦးတည်းသော တရားခံအဖြစ်နဲ့
လက်ညှိုးထိုးခဲ့ကြပါတယ်။ နှစ် ၂၀ ကျော် ကြာလာတဲ့အခါ စိတ်နာလက်စ
ရှိထားပြီးသားမို့ အာဏာကို မြဲမြဲဆုပ်ကိုင်ထားတဲ့ စစ်တပ်ကို ပိုပြီး
စိတ်နာကြပါတယ်။

အချုပ်ပြောရင် ဘာဖြစ်လို့လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်မပေးဘဲ
အကျဉ်းချထားတာကြောင့်ရယ်၊ နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသား၊ လူငယ်၊
ရဟန်းရှင်လူ၊ ပြည်သူတွေကိုပါ ထောင်သွင်းအကျဉ်းချထားတာကြောင့် ဖြစ်ပါတယ်။

နေ့စဉ် မြန်မာပြည် ပြင်ပက ထုတ်လွှင့်နေတဲ့ ရေဒီယိုအစီအစဉ်တွေက
နိုင်ငံရေးဆိုင်ရာ စကားဝိုင်းတိုင်းမှာ၊ မြန်မာ့အရေး ကျွမ်းကျင်သူတွေရဲ့
စကားလုံးတိုင်းမှာ၊ အာဆီယံနိုင်ငံတွေ အချင်းချင်းကြားမှာ ပြောနေကျ
အဆုံးသတ်စကားကတော့ မြန်မာပြည်အရေးဟာ ရှေ့မတိုး၊
နောက်မဆုတ်ဖြစ်နေပြီဆိုတာကို ထပ်တလဲလဲ ပြောနေကြတာပဲဖြစ်ပါတယ်။

မြန်မာပြည်အခြေအနေဟာ ဘယ်ကိုမှ ဦးတည်မသွားဘဲ ရပ်နေပြီဆိုတဲ့
သုံးသပ်ချက်ဟာ သန်းပေါင်း ၅ဝ ကျော် မြန်မာပြည်သူတွေကို
စိတ်ဒုက္ခအကြီးအကျယ် ရောက်စေပါတယ်။ အားသွန်ခွန်စိုက် လှော်ခဲ့တဲ့လှေဟာ
ဘယ်ကိုမှ မရွေ့ဘူးဆိုတဲ့အကြောင်း သိသွားတဲ့အခါ နောက်ထပ်
လှော်ချင်စိတ်မရှိဘဲ ခြေကုန်လက်ပန်း ကျသွားစေပါတယ်။

တိုင်းပြည်မျက်နှာ ကြည့်တယ်ဆိုတာ ပြည်သူ့မျက်နှာ ကြည့်တာကို ဆိုလိုတာပါ။
နိုင်ငံရေးဆိုတာ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို
ဆောင်ရွက်ရတဲ့ ပညာရပ်ဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က လမ်းညွှန်မြေပုံ ၇ ချက်ကို
ကြေညာချိန်ကစပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီရေး
လှုပ်ရှားသူတိုင်းက အုံးအုံးကြွက်ကြွက် ကန့်ကွက်ခဲ့ကြပါတယ်။
အခုအချိန်ထိလည်း ဒီမြေပုံ ၇ ဆင့်ဟာ တဆင့်ပြီးတဆင့် ပြီးလာလိုက်တာ
နောက်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အခြေအနေထိကို ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ ဆိုက်ရောက်လာပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အနှစ် ၂ဝ
မြန်မာပြည်သမိုင်းထဲမှာ ဒုတိယအကြိမ် ပွဲအဆူဆုံး နိုင်ငံရေးပွဲတခုဆိုတာ
လူတိုင်းသိထားတာမို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတိုင်း (အထူးသဖြင့်
ပြည်ပရောက်) က အပြင်းအထန် ဆန့်ကျင်ပါတယ်။

မြန်မာပြည်ထဲမှာနေထိုင်တဲ့ မိသားစုတစုအတွက် နေ့လည်စာ၊ ညစာအပြင်
လျှပ်စစ်မီး၊ ရေ စတဲ့ အကြောင်းဟာ နေ့စဉ် ငရဲဖြစ်ပေမယ့်
ပြည်ပရောက်တွေအတွက် ခေါင်းထဲ ထည့်စဉ်းစားဖို့ မလိုတဲ့ အရာတွေ ဖြစ်ပါတယ်။

မြန်မာပြည် နိုင်ငံရေးမှာ ဒေါ်စုလွတ်မြောက်ရေးလို့ အော်လိုက်ရုံနဲ့တင်
အသက်သာဆုံးသော နိုင်ငံရေးကို စလုပ်လို့ ရနေတာဖြစ်ပါတယ်။ ဒေါ်စုကို
ထောက်ခံတိုင်း ဒီမိုကရေစီဘက်တော်သား၊ အင်အားစုဖြစ်တယ်လို့ ခံယူပြီး
နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးမျိုးက ဘယ်ကိုမှမရောက်တဲ့
နိုင်ငံရေးမျိုးဖြစ်တယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဘာကြောင့် ဆန့်ကျင်တာလဲ၊ ဘာကြောင့် သဘောတူ
လက်ခံရမှာလဲ။ ဆန့်ကျင်တဲ့ သူတွေကတော့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို
မေးခွန်းပြန်ထုတ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အဲဒီ ရွေးကောက်ပွဲ
ကျင်းပပေးခဲ့တဲ့ ဒီကနေ့ထိ အာဏာတည်နေတဲ့ စစ်တပ်က အကောင်အထည်မဖော်ခဲ့ဘူး။
မဲအပြတ်အသတ်နိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာလွှဲစေချင်တယ်။
အခြေခံဥပဒေ ရေးဆွဲမယ် ဆိုရင်တောင် သူတို့က ဦးစီးပြီး ရေးဆွဲချင်တယ်။
ပြောရရင် စစ်တပ်ရဲ့ အခန်းကဏ္ဍကို ကန့်သတ်လိုက်လိုတယ်။

စစ်တပ်က စကတည်းက သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက်
အာမခံချက်ရနိုင်မယ့် အခြေခံဥပဒေနဲ့ အကာအကွယ်ယူချင်တယ်။ နိုင်ငံ
မပြိုကွဲဖို့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေဖို့လိုတယ်ဆိုတဲ့ အယူအဆကို
မြဲမြဲဆုပ်ကိုင်ထားတယ်။

အဲဒီတော့ နှစ်ဖက်စလုံး ဘယ်လိုမှ ညှိလို့မရတာကို အသေအလဲ
ဆက်ကိုင်ထားကြရင်း၊ အမှန်တရား၊ စိုးရိမ်မှုတွေ၊ အပြစ်တင်မှုတွေကိုသာ အဓိက
အားပြိုင်ကြရင်း တိုင်းပြည်က အပျက်ဘက်ကို ပိုမို ကျဆင်းလာပါတော့တယ်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်၊ မဖော်ကို ဒေါ်စုနဲ့
စစ်ဗိုလ်ချုပ်တွေ စကားပြောရမယ်လို့ တောင်းဆိုတယ်။ စကားမပြောဘူး။
ဒေါ်စုအပေါ် ပုဂ္ဂိုလ်ရေးအရ အာဃာတတွေရှိတာကြောင့်လည်း ဖြစ်မယ်။ သာမန်အရပ်သား
နိုင်ငံရေးသမားနဲ့ စကားပြောပြီး အပေးအယူလုပ်မှ အခြေအနေတွေ
ပြေလည်မယ်ဆိုတာကို စစ်ဗိုလ်ချုပ်တွေက မယုံကြည်တာလည်း ဖြစ်မယ်။

အတိုချုပ်ကတော့ ကုလသမဂ္ဂ မကလို့ ဘယ်သူပဲ ဖိအားပေးပေး ဒီစကားပြောတဲ့ကိစ္စ
နောင်ကိုလည်း လုပ်ဖို့ အခွင့်အလမ်း သိပ်နည်းပါတယ်။ တောင်အာဖရိကဖြစ်ရပ်ကို
စိတ်ကူးယဉ်နေလို့ကတော့ အခြေအနေတွေ ပိုဆိုးသွားဖို့ပဲ ရှိပါတယ်။

ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဒေါ်စုတို့ကြား တနည်းပြောရရင်
အာဏာလက်ရှိ စစ်တပ်နဲ့ အာဏာလက်မဲ့ ဒီမိုကရေစီရေး အင်အားစုကြားက ပဋိပက္ခဟာ
လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဒီပြသနာဟာ လွယ်လွယ်ကူကူ ပြေလည်စရာမရှိဘူး။
နောက်ထပ် အနှစ် ၂ဝ ထပ်ကြာသွားနိုင်တယ်ဆိုတာ ကျန်ခဲ့တဲ့ အတိတ်ကိုကြည့်ပြီး
ခန့်မှန်းရင် လွယ်တယ်။ အရက်စက်ဆုံးသော အမှန်တရားက ဒါပဲ။

နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ပြန်လွှတ်ရမယ်၊ ဒေါ်စုကိုလည်း
ပြန်လွှတ်ရမယ်၊ ပြီးရင် ဒေါ်စုဦးဆောင်တဲ့ အန်အယ်ဒီပါတီနဲ့ လက်ရှိ
စစ်ခေါင်းဆောင်တွေ စကားပြောပြီး အပေးအယူလုပ်ရမယ်၊ ပြီးရင်
တယောက်တဝက်ပဲဖြစ်ဖြစ် တယောက်တည်းက အကုန်လုံးပဲဖြစ်ဖြစ် အာဏာယူပြီး
ဒီမိုကရေစီနိုင်ငံ ထူထောင်ရမယ်၊ ပြည်ပရောက်တွေ အကုန် မြန်မာပြည်
ပြန်လာခွင့်ရမယ်။ စီးပွားရေးပိတ်ဆို့ထားတာတွေ ရပ်ဆိုင်းရမယ်၊
တိုင်းပြည်ထူထောင်ဖို့ နိုင်ငံတကာက ငွေကြေး၊ နည်းပညာ၊ လူအားနဲ့
အကုန်ထောက်ပံ့ရမယ် .... စသဖြင့် ဒီအချက်တွေဟာ တခုမှ ဖြစ်မလာဘူးဆိုရင်
ဘာလုပ်မလဲ။

ကုလသမဂ္ဂကို ဒေါသလှည့်ထွက်လိုက်၊ အာဆီယံနဲ့ တရုတ်ကို အပြစ်တင်လိုက်၊
အိန္ဒိယနဲ့ ဂျပန်ကို စိတ်ဆိုးလိုက် နောက်ဆုံးတော့ စစ်တပ်ကို လက်ညှိုးထိုး
...။ ဒီပြဇာတ်တွေဟာ အသေအချာ ရေတွက်ထားတာ မဟုတ်တောင် အဖန်တလဲလဲ
ကခဲ့ရတာကတော့ သေချာတယ်။ မြန်မာပြည်က ပြည်သူတွေရဲ့ဘဝက ပိုပြီး
ထောင်းထောင်းကျေပြီး တိုင်းပြည်အနာဂတ် ပိုမဲ့လာတာပဲ ရှိတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အချိန်နီးလာတာနဲ့အမျှ ပြည်ပရောက်တွေရဲ့
ဆန့်ကျင်ရေး လေသံတွေက ပိုပြီး ကျယ်လောင်လာတယ်။ ဒီလိုအော်မှ
ဒီမိုကရေစီရေးလုပ်တာလို့၊ ယုံကြည်ချက် ခိုင်မြဲတာတို့နဲ့
လိပ်ပြာသန့်ချင်နေကြပုံ ရတယ်။ ထောင်ကျတန်းကျ လုပ်ဖော်ကိုင်ဘက်တွေအပေါ်
သစ္စာမဖောက်ဘူးဆိုတာကို ပြချင်ပုံရတယ်။

လူနာတယောက်ကို ဆရာဝန်တယောက်က ခင်ဗျားမှာ သွေးကင်ဆာရောဂါရှိနေတာ
ရာခိုင်နှုန်း အတော်များတယ်လို့ ပြောလိုက်ရင် အဲဒီလူနာ
ဘာပြန်ပြောမယ်ထင်လဲ။ ဟုတ်ကဲ့ပါဆရာ၊ ကျနော်သိပါတယ်လို့ ပြန်ဖြေမယ်များ
ထင်မိရင်တော့ လွဲမှာပဲ။ ဘယ်ရမလဲ။ ဒီမှာဆရာဝန် ခင်ဗျားပြောတာ မယုံဘူး။
ကျနော့်ကိုယ်ကျနော် သိတယ်။ ဒီရောဂါရှိတာ မဖြစ်နိုင်ဘူးလို့ လူနာ (၉၉ %) က
ပြန်ဖြေမှာပဲ။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ... ရှောင်လို့မရတဲ့
အမှန်တရားအပေါ် ရုတ်တရက်တော့ လူတိုင်းက ငြင်းကြပါတယ်။ ငြင်းဆန်တဲ့
ကာလကလည်း ကြာတတ်ပါတယ်။

ဒီကင်ဆာနဲ့ သေရမယ့်အချိန် နီးကပ်လာတော့မှ လူနာက မဖြစ်မနေ အခြေအနေတခုကို
လက်ခံရပါတယ်။ အဲဒီအတွက် ဒီလူနာဟာ အကျိုးမဲ့၊ အချိန်ဖြုန်းခဲ့ပြီး
သေဖို့အတွက် ဘာတခုမှ မပြင်ဆင်ခဲ့ဘူး။

မြန်မာပြည်အရေးအတွက် အမေရိကန်ဦးဆောင်ပြီး ကုလတပ်တွေနဲ့ မြန်မာပြည်
ဝင်သိမ်းပေးမှာလည်း မဟုတ်ဘူး။ (၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ) ၁၉၈၈
ခုနှစ်ကလို ဒီမိုကရေစီ အရေးအခင်းကြီးလည်း ထပ်မပေါ်လာနိုင်တော့ဘူး၊ (၂ဝ၁ဝ
ရွေးကောက်ပွဲ မတိုင်ခင်မှာ) လုံခြုံရေးကောင်စီကလည်း အရေးယူနိုင်တဲ့
အခြေအနေမှာ မရှိဘူး၊ (၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ) ဒေါ်စုနဲ့
စစ်တပ်ကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာဖို့ မဖြစ်နိုင်ဘူး၊
(၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ) အာဆီယံနဲ့ တရုတ်က မြန်မာပြည်ကို
အရေးယူမယ့် အခြေအနေ လုံးဝမရှိဘူး၊ (၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ)
ဒေါ်စုလည်း အချုပ်အနှောင်က လွတ်လာဖို့ မရှိဘူး၊ (၂ဝ၁ဝ ရွေးကောက်ပွဲ
မတိုင်ခင်မှာ) မြောက်ကိုရီးယားနဲ့ စပ်လျဉ်းပြီး မြန်မာကို
အရေးယူမယ့်ကိန်း မရှိဘူး၊ (၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ) .....

ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေက ဆန့်ကျင်ကြပြီထား။ ပြည်သူတွေက
ဘယ်သူ့ကို မဲပေးရမှာလဲ။ ဒီတော့ လွှတ်တော်အမတ်နေရာတွေ ဝင်လျှောက်ကြမယ့်
ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေကိုပဲ မဖြစ်မနေ မဲပေးရမယ့်အပေါက်
ဆိုက်နေပြီ။ ဒီလိုလုပ်မယ့်အစား လူထုအတွက် စွမ်းအားရှင်ထက်၊
ကြံ့ဖွတ်ထက်သာတဲ့ သူတွေကို ကြိုတင်ရွေးချယ်ပြီး လူထုကိုယ်စားလှယ်လုပ်ပြီး
ဝင်ပြိုင်စေတာက ပိုပြီး အကျိုးမရှိစေဘူးလား။

ရွေးကောက်ပွဲဆန့်ကျင်တာက နအဖ ဆန့်ကျင်တာပဲဆိုတဲ့ အတွေးမျိုးရှိရင်၊
ဆိုးရွားတဲ့ အခြေအနေအောက်က လူထုကို သက်သာရာရစေမယ့် အနေအထားမျိုး
ရွေးချယ်ပေးတာက တိုင်းပြည်မျက်နှာ ကြည့်ရာ မရောက်ဘူးလား။

ရွေးကောက်ပွဲကို ထောက်ခံတာဟာ စစ်အစိုးရကို ထောက်ခံတာနဲ့ မတူဘူးဆိုတာ
နည်းဗျူဟာအရ အသေအချာ စဉ်းစားသင့်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က
ကြည့်သလိုပဲ စစ်တပ်ဘက်ကလည်း မြန်မာပြည်က ဘက်နှစ်ဘက်ရဲ့ ပဋိပက္ခဟာ ဘယ်ကိုမှ
မရွေ့ဘူးဆိုတာကို လက်ခံကြပုံ ပေါ်ပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲဟာ လက်ရှိရှိနေတဲ့ နိုင်ငံရေး
အခင်းအကျင်းဟောင်းကြီးကို ခဝါချလိုက်နိုင်ရင် အခင်းအကျင်းသစ်တခုကို
ဖန်တီးနိုင်မယ်လို့ ယူဆဖို့ လိုပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊
နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်ချင်သူတွေက ၂ဝ၁ဝ ရွေးကောက်ပွဲကနေတဆင့်
လွှတ်တော်ထဲ၊ အုပ်ချုပ်ရေး ယန္တရားထဲ ဝင်ရောက်နိုင်ရင် ပိုပြီးလက်တွေ့ကျတဲ့
အပေးအယူလုပ်နိုင်ပါမယ်။ ဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်လာရင်တော့
ဒီအတိုင်း ထိုင်နေလို့တော့ ပြည်သူအတွက် ဘာကောင်းလာမလဲ ဆိုတာကိုသာ
ပြန်မေးရမှာပဲ။ ဒီလို အပင်ပန်းခံပြီး လုပ်ရမယ့် လူထုအကျိုးအတွက်
လုပ်ရမယ့် နိုင်ငံရေးမျိုးကိုတော့ အားမပေးဘူး၊ သံရုံးရှေ့ဆန္ဒပြတာတွေကသာ
ပိုပြီး အဆင်ပြေတယ်ဆိုရင်တော့ ဟုတ်ပါ့မလား မေးခွန်းကို ပြန်ဖြေစရာ
မလိုပါဘူး။

နောက်တခုက ဒီရွေးကောက်ပွဲထဲမှာ စစ်တပ်ဘက်နဲ့ ဒေါ်စုဦးဆောင်တဲ့
ဘက်နှစ်ဖက်စလုံးက မဟုတ်တဲ့ကြားက အင်အားစုတွေ ပေါ်ထွက်လာစေဖို့
အားပေးသင့်ပါတယ်။ ကြားအုပ်စုတွေ မပေါ်နိုင်အောင် ဖန်တီးမယ်ဆိုရင် ယခင်မူလ
ပဋိပက္ခဟောင်းဆီကိုပဲ ပြန်ဦးတည်သွားပါမယ်။ ဒေါ်စုကို ထောက်ခံတယ်လို့
အော်တိုင်း ဒီမိုကရေစီအရေး လုပ်နေတယ်လို့ မပြောနိုင်ပါဘူး။
ဒေါ်စုကြိုးပမ်းနေတဲ့ ဒီမိုကရေစီရေးကို တကယ်ယုံကြည်ပြီး
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်တာဝန်ကိုယ်ယူတာက ဒေါ်စုကို
တကယ်ထောက်ခံတာလို့ ပြောနိုင်ပါတယ်။

အဖြေကတော့ လက်တွေ့ကျကျ ဘာဆက်လုပ်ကြမလဲဆိုတာပါပဲ။ ၁၉၈၈ မှာ မွေးခဲ့တဲ့
ကလေးတွေဆို အခု ၂၁ နှစ်ရှိပြီ။ သူတို့က မြန်မာပြည် ၂၁ နှစ်အတွင်း
ဘာ့ကြောင့်မပြောင်းလဲနိုင်ခဲ့တာလဲလို့ မေးလာခဲ့ရင် ပြည်သူအတွက်
သတ္တိရှိရှိ မှန်ကန်တဲ့နည်းနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးကို မလုပ်ခဲ့ဘဲ၊
အာဏာမယူရဲခဲ့လို့လို့ ဖြေလိုက်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ရက်စက်တဲ့
အမှန်တရား ဖြစ်နေလို့ပါပဲ။ ။

(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ
အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊
ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ
ဖြစ်သည်။)

Saturday, 24 July 2010

လူ့တန်ဖိုး

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၇)
လူ့တန်ဖိုး
ဒေါက်တာလွဏ်းဆွေ

အသက်ရှင်နေထိုင်ရခိုက်တွင် လူတိုင်း တန်ဖိုးထားမှု ကိုယ်စီရှိကြမြဲဖြစ်သည်။

တချို့က ငွေကို တန်ဖိုးထားကြသည်။ ဘ၀တွင် ငွေရှိလျှင် အရာရာ ပြီးပြည့်စုံပြီဟု ထင်မှတ်ကြသည်။ ထို့အ တွက် မိမိ တန်ဖိုးထားသည့် ငွေကို နည်းမျိုးစုံဖြင့် သဲကြီးမဲကြီး ရှာဖွေကြသည်။ ငွေကို တဖျတ်ဖျတ် ရေတွက် နေရလျှင် ပျော်မဆုံး မော်မဆုံး ရှိကြသည်။ သို့သော် ရှာဖွေထားသည့် ငွေကို မိမိနှင့် မိသားစုအကျိုးစီးပွားအ တွက်သာ အသုံးပြုကြသည်က အများစုဖြစ်သည်။

တချို့ကတော့ ပညာကို တန်ဖိုးထားကြသည်။ မိမိ တန်ဖိုးထားသည့် ပညာကို ဘ၀၏ အချိန်အတော်များများ မြှုပ်နှံကာ ကြိုးစားပမ်းစား ရှာဖွေသင်ယူကြသည်။ သို့သော် ရှာဖွေထားသည့် ပညာကို မိမိနှင့် မိသားစုအကျိုး စီးပွားအတွက်သာ အသုံးချကြသည်က အများစုဖြစ်သည်။

လူနည်းစုဖြစ်သော တချို့ကတော့ အမှန်တရားနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ ထိုသူများသည် ဆင် ခြင်တုံတရားဖြင့် လောကကိုကြည့်မြင်ပြီး မိမိအကျိုးစီးပွားထက် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား မြင့်မားတိုးတက်ဖို့ကို ပို၍တန်ဖိုးထားကြသည်။ ထို့အတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းနိုင်ဖို့ လိုအပ် သည့် ငွေနှင့် ပညာကို တရားနည်းလမ်းကျကျ ချင့်ချင့်ချိန်ချိန် ရှာဖွေကြသည်။ ထိုရှာဖွေထားသည့် ငွေနှင့် ပ ညာကို မိမိအကျိုးစီးပွားထက် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် အသုံးပြုကြသည်။ စွန့် လှူကြသည်။ ပေးဆပ်ကြသည်။ အသိတရားရှိရှိ ပါဝင်လုပ်ဆောင်ကြသည်။

ဤနေရာတွင် ကွယ်လွန်သူ ဆရာဗန်းမော်တင်အောင်၏ “လူ့တယောက်ရဲ့တန်ဖိုးကို သူ ဖြတ်သန်းကျော် လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက်သယ် ပိုးထမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ” ဟူသည့်စကားတခွန်းကို သတိရမိသည်။ တန် ဖိုးထားလေးစားမိသည်။

အချုပ်အားဖြင့် ဘ၀၏ အသက်ရှင်နေထိုင်မှုတွင် ကျနော်တို့သည် တဦးချင်းစီအနေဖြင့် ကိုယ့်တန်ဖိုးထားမှုကို ကိုယ်မှန်သည်ထင်ကြသော်လည်း လူ့အဖွဲ့အစည်းက လူတဦးချင်းစီပေါ်သို့ ပြန်လည်သတ်မှတ်သည့် တန်ဖိုး တွင်မူ လူ့အဖွဲ့အစည်းပေါ် ကောင်းကျိုးပြုခဲ့သည့် ပမာဏအနည်းအများအလိုက် တန်ဖိုးအနိမ့်အမြင့် ကွာခြား နေကြမည်သာ ဖြစ်ပေသည်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၇ ခုနှစ်)