Friday 2 April 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆုံးဖြတ်ချက်အပေါ်သဘောထားကျေညာချက်

၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည်မဟုတ်ကြောင်း သမိုင်းတွင်မည့်ဆုံးဖြတ်ချက်တစ်ရပ်ကို မတ်လ(၂၉) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)မှ ဆုံးဖြတ်ချမှတ်လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက တခဲနက် မဲပေးရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော်လည်း အငန်းမရ အာဏာမက်သော စစ်အစိုးရမှ အာဏာကို ဆက်လက် သိမ်းပိုက်ထားခဲ့ခြင်းကြောင့် အဲန်အယ်လ်ဒီမှာ လွှတ်တော်ခေါ်ယူကျင်းပနိုင်ခွင့် မရရှိခဲ့ပေ။ ထိုမျှမက စစ်အစိုးရ၏ မတရားကန့်သတ် ပိတ်ပင်မှုများ၊ ပါတီ ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်း ခံရမှုများစသည့် အနိုင်ကျင့်လုပ်ရပ်များကို အနှစ် ၂၀ လုံးလုံး စိတ်ရှည်သည်းခံလျှက် ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကြောင်းပေါ်တွင် ကြံ့ကြံ့ခံရပ်တည်ခဲ့သည်။
မြန်မာ့နိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေကို အဲန်အယ်လ်ဒီမှတစိုက်မတ်မတ် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက လစ်လျူရှု့ခဲ့ရုံမက စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ် ရေးဆွဲပြဌာန်းခဲ့သည်။
နအဖစစ်အစိုးရမှ ကျင်းပသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်ရေး အတွက်သာဖြစ်ပေမည်။ သို့ဖြစ်၍ အဲန်အယ်လ်ဒီမှ ယခုကဲ့သို့ ရွေးကောက်ပွဲတွင်ပါဝင်ရန် လိုအပ်ချက်ဖြစ်သော မှတ်ပုံတင်ရေးကို ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက်သည် လျှော်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု မြန်မာမွတ်စလင်အစည်းအရုံးမှ အခိုင်အမာ ယူဆသည်။
အဲန်အယ်လ်ဒီသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံမတင်သော်လည်းပြည်သူလူထု အကျိုးရှေ့ရှူ့လျှက် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖေါ်ဆောင်တည်ဆောက်ရေးအတွက် ဆက်လက်တည်ရှိ လှုပ်ရှားနေမည်ဟု မိမိတို့ ယုံကြည်သည်။ ထို့အပြင် အဲန်အယ်လ်ဒီ၏ မှန်ကန်သော ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များအပေါ် မြန်မာမွတ်စလင်အစည်းအရုံးက ပြည်သူလူထုကြီးနှင့်အတူ အစဉ်တစိုက် လှိုက်လှိုက်လှဲလှဲ ထောက်ခံပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကျေညာ လိုက်ပါသည်။

မြန်မာမွတ်စလင် အစည်းအရုံး ဧပြီလ (၂)၊ ၂၀၁o
ဆက်သွယ်ရန် ကိုကျော်စွာ kyawzwa@b-m-a.org +44 7828426801 (UK)
Ms. Yasmin yasnohana@sbcglobal.net +1 408 250 6227 (USA)