Tuesday 24 August 2010

ရွေးကောက်ပွဲကြောင့် အစ္စလာမ်ဘာသာရေးနေ့ အခက်အခဲ ဖြစ်နိုင်

       ရန်ကုန်မြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဗလီ ဝတ်ကျောင်းတခု မြင်ကွင်း (ဓာတ်ပုံ - sanooaung.wordpress.com)


စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာလိုက်ရာ အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဗာနီ အစ်ဒ် ခေါ် အသားအစ်ဒ် ပြုလုပ်မည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပခွင့် မရမည်ကို အစ္စလာမ် ဘာသာဝင်များက စိုးရိမ်နေကြသည်။

“အသားအစ်ဒ်က နိုဝင်ဘာ ၇ ရက်နဲ့ ၉ ရက်ကြားမှာဖြစ်နေတယ်။ ၇ ရက်မှာ သွားတိုက်ဆိုင်နေရင်တော့ ကျနော်တို့ကို အစ်ဒ်လုပ်ခွင့် ပေးမယ်မထင်ဘူး” ဟု မြန်မာ - မွတ်ဆလင် အသင်းမှ ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။

 
အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်ကာလသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြီး စက်တင်ဘာ ၉ ရက်တွင် ပြီးဆုံးမည်ဟု အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က ဆိုသည်။

ကုရ်ဗာနီ အစ်ဒ်မှာ မုန့်အစ်ပြုလုပ်ပြီး ၂ လခန့်အကြာတွင် ဖြစ်သဖြင့် ရွေးကောက်ပွဲပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက် ၀န်းကျင်တွင် ကျရောက်နေကြောင်း၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလတွင်လည်း အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်အပြီး မုန့်အစ်နှင့် တိုက်ဆိုင်နေသဖြင့် အစိုးရက မုန့်အစ်ကျင်းပခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်များ လမ်းလျှောက်ဆန္ဒပြချိန်တွင် အစ္စလာမ် ဘာသာဝင် တချို့လည်း တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ဘာသာဝင်များအပေါ် ကန့်သတ်ချက်များ ပိုများလာသည်ဟု ရွှေဘုံသာလမ်းရှိ ဗလီဝတ်ကျောင်းတကျောင်းမှ ဗလီဆရာတဦးက ဆိုသည်။

“အစ်ဒ်လုပ်မယ်ဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ အသားအစ်ဒ်ဆိုရင် အိမ်မှာ လုပ်လို့မရဘူး။ သားသတ်ရုံ နေရာသတ်မှတ်ထားတဲ့ သန်လျင်တို့၊ ရွာသာကြီးတို့မှာပဲ သတ်ခွင့်ရှိတယ်။ သတ်ပြီးရင်လည်း လုံလုံခြုံခြုံ ဖုံးအုပ်ပြီးမှ သယ်လာရမယ်။ ပြန်လာတဲ့လူတွေကိုလည်း သွေးတွေဘာတွေ စင်ထားတာမရှိအောင် ဆေးကြောပြီးမှ ပြန်လာရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” ဟု အဆိုပါ ဗလီဆရာက ပြောသည်။

“သာမန်အချိန်မှာတောင် အဲဒီလောက် ကန့်သတ်နေတာ။ ရွေးကောက်ပွဲရက်နဲ့ တိုက်တယ် ဆိုရင်တော့ သူတို့က ပေးလုပ်မယ် မထင်ဘူး” ဟု ဗလီဆရာက ဆိုသည်။

စစ်အစိုးရက မြို့နယ်တချို့တွင် ဗလီဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး အစ္စလာမ် ဘာသာဝင်များ ဘုရား ဝတ်ပြုချိန်တွင် ဗလီဆရာများက အချက်ပေး အော်ဟစ်သည့်အခါ အသံချဲ့စက်များ၊ စပီကာများဖြင့် အော်ဟစ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သိရသည်။

အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံအရ ရာမာဒန်ဥပုသ်ကာလတွင် မိသားစုအားလုံး အင်္ကျီအ၀တ်အစား အသစ်များ ၀တ်ဆင်ရမည် ဖြစ်သော်လည်း အများစုမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ၀ယ်ယူဝတ်ဆင်နိုင်ကြခြင်း မရှိဟုလည်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးက ဆိုသည်။

 
“ရွေးကောက်ပွဲကြောင့် အစ်ဒ်ကျင်းပခွင့် မရဘူးဆိုတာတော့ ကျနော်တို့ လက်မခံပါဘူး။ ဘာသာရေးနဲ့ နိုင်ငံရေးက ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်သလို ဘာသာရေး ကိစ္စတွေကိုလည်း သူ့အချိန်နဲ့သူ လုပ်သွားမှာပါ” ဟု အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်လူမျိုးစုများကို ကိုယ်စားပြု ဖွဲ့စည်းထားသော ကမန် အမျိုးသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

 
ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ပြန်သည့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် ဘာသာရေးဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေသည့် နိုင်ငံအဖြစ် ထိပ်ဆုံးအဆင့်တွင် သတ်မှတ်ခံထားရသည်။


ဆက်လင်း Monday, August 23, 2010  
ဧရာဝတီသတင်းစာမျက်နှာမှကူးယူဖော်ပြသည်။